ဟဒီးဆ် မဟာတမန်တော်မြတ်၏သြဝါဒတော်များ (HADITH)

Religious Terms for Activists & Journalists မှ
၁၃:၂၈၊ ၂၈ ဩဂုတ် ၂၀၁၇ နေ့က Jrc-admin (ဆွေးနွေး | ပံ့ပိုး) တည်းဖြတ်သည့်မူ

(ကွဲပြားမှု) မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရုပ်၊ နာမ်၊ ဓမ္မသင်္ခါရတို့နှင့် ကင်းစင်တော်မူထသော အသင်္ခတဂုဏ်ရှင် အလ္လာဟ်၏ အနန္တဉာဏ်တော်ဖြင့် ပို့ချပေးသည့်ကျမ်းမြတ်ကုန်အာန်ပါ ဒေသနာတော်တို့အား မဟာတမန်တော်မြတ်ကြီး၏ ရွှေနှလုံးသားပေါ်သို့ ရွှေဉာဏ်ထူးအားဖြင့် ချီးမြှင့်တော်မူ၏။ မဟာတမန်တော်မြတ်ကြီး၏ တာဝန်မှာ ဒေသနာတော်တို့အား တရားဦး နာကြကုန်သည့် သာဝကကြီးတို့အား ဟောပြောပို့ချပေးပြီး၊ အနက်အဓိပ္ပာယ်တို့ကို ရှင်းလင်းခြင်း၊ လက်တွေ့ မည်ကဲ့သို့ အကောင်အထည်ဖော်ရမည်ကို နည်းဗျူဟာချမှတ်ပေးခြင်း၊ ကိုယ်တော်တိုင် ကျင့်သုံးပြသပေးခြင်း တို့ဖြစ်၏။ ရွှေနှုတ်တော်ထွက်သြဝါဒတို့ကို "ဟဒီးဆ်"ဟုခေါ်၍ လက်တွေ့ကျင့်သုံးဆောက်တည်ပုံတို့ကို "စွန္နသ်" ဟုခေါ်ပါသည်။

မဟာတမန်တော်မြတ်၏ သြဝါဒတော်တို့ကို စုဆောင်းရာတွင် ယနေ့သိပ္ပံနည်းကျ သမိုင်းသုတေသနပြုသူတို့ အတုယူရသည့်နည်းစနစ်များအမြောက်အများရှိပါသည်။ ကိုယ်တော်မြတ်သည် မည်သည့်ဉာဏ်ရည်၊ ဉာဏ်သွေးရှိသူအား မည်သည့်ကိစ္စရပ်ကို အကြောင်းပြု၍ မိန့်ကြားခဲ့သနည်း၊ ယင်းသို့ မိန့်ကြားချက်အား ကြားခဲ့ရသည် သက်သေရှိပါသလော၊ ယင်းမိန့်ဆိုချက်ကို မည်သူများက ဆင့်ပြန်သနည်း။ ဆင့်ပြန်သူ ဘယ်နှစ်ဦး ရှိသနည်း။ ဆင့်ပြန်သူတို့၏ သီလ၊ သမာဓိ၊ ပညာ မည်မျှရှိသနည်း စသည့်စံချိန်၊ စံညွှန်းတို့ဖြင့် တိုက်စစ်၍ သြဝါဒတော်တို့ကို စုဆောင်းပါသည်။ ဥပမာ - ဆင့်ပြန်သူတစ်ဦးသည် နေဝင်ချိန်၌ အစာမရှိသော ဗန်းကို ပြ၍ ကုလားအုပ်တို့အား အိပ်တန်းဝင်ရန် လှမ်းခေါ်နေသည်ကို တွေ့ခဲ့ရ၍ ထိုဆင့်ပြန်သူ၏ တင်ပြချက်ကို စုဆောင်းသူက မှတ်တမ်းမတင်တော့ပေ။

ဟဒီးဆ်တော်တို့မှာ ကုန်အာန်ကျမ်းပြီးလျှင် အစ္စလာမ်ရေးရာ၏ ဒုတိယ ရေသောက်မြစ် ဖြစ်ပါသည်။ ဟဒီးဆ်တို့အား ဥပဒေအဖြစ် လိုက်နာရသည်များ၊ သမိုင်းမှတ်တမ်းအဖြစ် မှတ်ယူရသည်များ၊ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းရေးအတွက် အတုယူရသည်များ စသည်ဖြင့် ခွဲခြားထားပါသည်။ မဟာတမန်တော်မြတ် သက်တော် ထင်ရှားရှိ တော်မူစဉ်အခါတည်းက စဉ်ဆက်မပြတ် လက်ဆင့်ကမ်းကာ တည်ရှိခဲ့သော သြဝါဒတော်တို့အား နောက်တွင် သြဝါဒကျမ်းစုဆောင်းသူ ဓမ္မသုတေသီ ကဝိပညာရှင် သူတော်စင်တို့က စနစ်တကျစီစစ်ကာ အဆင့်အတန်း ခွဲခြားသတ်မှတ်၍ စွန္နတ်ပညာရှင်တို့မှ ခိုင်မာသော ကျမ်းကြီး (၆)ကျမ်းကို ပြုစုခဲ့ပါသည်။ ရှီအာပညာရှင်တို့လည်း ဟဒီးဆ်ကျမ်းများ ပြုစုထားပါသည်။ ယင်းကျမ်းတို့တွင် အငြင်းမပွားခိုင်လုံသည့်အဆင့်၊ အားပျော့ သောအဆင့် (WEAK) ၊ မခိုင်လုံသော အဆင့်၊ ဆင့်ပြန်သူတစ်ဦးတည်းရှိသော အဆင့်၊ လုပ်ကြံ ဖန်တီးထားသောအဆင့်၊ သာသနာတော်ကို ဖျက်ဆီးရန် အဓမ္မဝါဒီတို့ လိမ်လည်ထားသော အဆင့်၊ သာသနာတော်ကို ဖျက်ဆီးရန် အဓမ္မဝါဒီတို့ လိမ်လည်ထားသော အဆင့် စသည့်ဖြင့် ပိုင်းခြား စိတ်ဖြာ၍ ဖော်ပြထားပါသည်။