အသင်းတော်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ယေရှုခရစ်တော်အား မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံကြသောအသိုက်အဝန်းကို ခရစ်ယာန်ဟု ခေါ်တွင်ကြသကဲ့သို့၊ ခရစ်ယာန်များစုစည်းလျက် မိတ်သဟာယအဖြစ် ဖွဲ့တည်လာသောအစုအစည်းကို အသင်းတော်ဟုခေါ်ပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်ဝေါဟာရဖြစ်သော Church ၏ လာတင်ဘာသာမူရင်း Ecclessia မှဆင်းသက်လာခြင်းဖြစ်သည်။ ထိုယုံကြည်သူအစုအဝေးသည် ပထမကနဉီးကာလအတွင်း ယုံကြည်ခြင်း၊ သက်သေခံခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ ခရစ်တော်ယေရှု၏ ဩဝါဒအဆုံးအမများအား ဝေမျှဖလှယ်ခြင်း၊ နာယူကျင့်ကြံအားထုတ်ခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း စသည့်လှုပ်ရှားမှုအသွင် (Jesus movement) ဖြင့်ရှိခဲ့ပါသည်။ ထိုအချိန်တွင် ခရစ်ယာန်တို့အပေါ် ဖိနှိပ်ညှင်းဆဲမှုများ ပြင်းထန်သဖြင့် သူတို့သည် ဂူများအတွင်းပုန်းအောင်းလျက် ပုန်းလျှိုးကွယ်လျှိုးနေကြရပါသည်။ ထိုအချိန်တွင် သူတို့အား လမ်းခရီးကိုလိုက်လျှောက်ကြသူများ the followers of the Way ဟုခေါ်ကြပါသည်။ သူတို့၏လျှို့ဝှက်သင်္ကေတမှာ ငါးရုပ်ဖြစ်သည်။ တပည့်တော်ရှင်ပေတရုအား ယေရှုက “ငါသည်သင့်ကိုလူကိုမျှားသောတံငါဖြစ်စေမည်” ဟူသောမိန့်မှာချက်ကို အစွဲပြုခြင်းဖြစ်သည်။ နောက်ပိုင်း တဖြည်းဖြည်းနှင့် ခရစ်ယာန်ယုံကြည်မှုသည် ဖိနှိပ်ညှင်းဆဲမှုများကြားမှ ရှင်သန်တိုးပွားလာပြီး ခိုင်မာသောအဖွဲ့အစည်းအသွင်ဖြင့် ရောမအင်ပါယာအတွင်း တရားဝင်ရပ်တည်လာနိုင်သည့်အချိန်တွင် အသင်းတော်သည် အင်စတီကျူးရှင်း တစ်ရပ်ဖြစ်လာခဲ့သည်။ မိမိတို့၏ ယုံကြည်ခြင်းအုတ်မြစ်များအား နိစိန်ယုံချက်၊ တမန်တော်ယုံချက်စသည်ဖြင့် အသင်းတော်၏ယုံချက်များ (beliefs) ကိုတည်ဆောက်ချမှတ်လျက်၊ ဓမ္မအတွေးအခေါ်များ (theology) ကိုအခြေချလာကြသည်။ အသင်းတော်၏ ကျင့်သုံးမှု (traditions - practices) ထုံးနည်းများကို ဆက်လက်ဆောက်တည်လာပြီး အသင်းတော်အမှုတော်ဆောင်ခြင်းပုံစံ (the Ministry of the Church) များကို ဖွဲ့စည်းတည်ဆောက်လာကြသည်။ ယင်းမှသည် သမိုင်းတစ်လျှောက် ယဉ်ကျေးမှုနှင့်ရေခံမြေခံအမျိုးမျိုးကို ဖြတ်သန်းလျက် အသင်းတော်သည် ယနေ့မြင်နေရသော အနေအထားအသီးသီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။