အမှုတော်ဆောင်ခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

အမှုတော်ဆာင်ခြင်းသည် ဘုရား၏အမှုတော်မြတ်ကို ထမ်းရွက်ခြင်းကို ဆိုလိုပါသည်။ အထူးသဖြင့် အသင်းတော်အမှုတော်မြတ်အတွင်း ပါဝင်ဆောင်ရွက်ခြင်းကို ရည်ညွှန်းသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

စင်စစ်အားဖြင့် ယုံကြည်သူခရစ်ယာန်တိုင်း မိမိတို့၏နေ့စဉ်အသက်တာသည် ဘုရားသခင်အလိုတော်နှင့်အညီ လိုက်လျှောက်ကျင့်ကြံအားထုတ်နေကြရသည်ဖြစ်ရာ၊ ခရစ်ယာန်တိုင်းသည် တစ်နည်းနည်းအားဖြင့် ဘုရားအမှုတော်မြတ်အတွင်း ပါဝင်နေကြပြီးဖြစ်သည်။ သို့သော် “အမှုတော်ဆောင်ခြင်း” ဟူသောစကားကိုသုံးနှုံးရာ၌ အထူးသဖြင့် အသင်းတော်၏လုပ်ငန်းတာဝန်တစ်ခုခုကို အတိအကျ တာဝန်ယူဆောင်ရွက်ခြင်းအဖြစ် ရည်ညွှန်းလေ့ရှိပါသည်။ အကြောင်းမှာ အသင်းတော်သည် ခရစ်တော်၏ခန္တာကိုယ်ဖြစ်သည်ဟု ခံယူထားသဖြင့် အသင်းတော်၏အလုပ်ကို လုပ်ခြင်းသည် ခရစ်တော်၏အမှုတော်၊ ဘုရားသခင်၏အမှုတော်ကို ဆောင်ခြင်းအဖြစ်နားလည်ပါသည်။ ဤတွင်၊ အသင်းတော်၏အမှုတော်ဆောင်များဟူ၍ အသင်းတော်ခေါင်းဆောင်ပိုင်းကို တာဝန်၊ အဆင့်၊ ရာထူးအလိုက်ရွေးချယ်ခွဲခြား သတ်မှတ်ချက်များ ပေါ်ပေါက်လာပါသည်။ ယင်းသည် တမန်တော်များလက်ထက် ကတည်းက ကျင့်သုံးခဲ့သော ထုံးတမ်းအစဉ်အလာတစ်ရပ်အဖြစ် ခံယူလျက် ဆက်လက်ပြီး လက်ဆင့်ကမ်းကျင့်သုံးကြခြင်းဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏အမှုတော်ဆောင် သံဃာအဆင့်ဆင့် ဖွဲ့စည်းပုံအခိုင်အမာ ပေါ်ပေါက်လာပါသည်။ အက်ပီကိုးစ်ပါး Episcopal ထုံးတမ်းကို ခံယူကြသောအသင်းတော်များ၌ အထက်အောက်နာခံမှုဖြင့် ပုပ်ရဟန်းမင်းကြီးမှစ၍ ရဟန်းအမတ် (Cardinal)၊ အတ်ဘီးရှော့ (Arch-bishop)၊ ဘီးရှော့ (bishop)၊ ရဟန်း၊ ဖာသာ (Father)၊ ဂိုဏ်းထောက် (Deacon) စသည်ဖြင့် အဆင့်ဆင့်စနစ်တကျဖွဲ့စည်းကြပါသည်။ ယင်းကို သံဃာသုံးဆင့်အမှုတော် (threefold ministry) ဟု နားလည်ပါသည်။ အက်ပီကိုးစ်ပါးထုံးတမ်းကို မခံယူသောအသင်းတော်များအနေနှင့် သံဃာနှစ်ဆင့် (twofold ministry) ကိုကျင့်သုံးကာ သင်းအုပ်ဆရာ (Pastor) နှင့် သင်းထောက် (Deacon) စနစ်ကိုကျင့်သုံးပါသည်။ အားလုံးကို ဓမ္မဆရာ/မ များအဖြစ်ခေါ်ဝေါ်အသိအမှတ်ပြုပါသည်။ အသင်းတော်အား ဓမ္မလမ်းကြောင်းမှန်ကန်စွာဖြင့် ဦးဆောင်မှု ပြနိုင်ရန် ရည်ရွယ်ပါသည်။