ဟီဂျပ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အမျိုးသမီးများ ခေါင်းကို ဖုံးအုပ်ဝတ်ဆင်မှု (HIJAB)[ပြင်​ဆင်​ရန်​]

အစ္စလာမ်သာသနာတွင် ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ အဓိကသတ်မှတ်ချက်မှာ-

(၁) လုံခြုံသပ်ရပ်၍ ကျက်သရေရှိစေရန်။

(၂) ရာသီဥတုဒဏ်ကို ကာကွယ်ရန်နှင့် သန့်ရှင်းတင့်တယ်မှုရှိစေရန်။

(၃) အခြားဘာသာ သာသနာတို့ကို စွက်ဖက်ခြင်းမျိုးမဖြစ်စေရန် ယင်းဘာသာတို့၏ အထိမ်းအမှတ် အဆောင်အယောင်အဝတ်အစားမျိုးကို မဝတ်စားရန်။

(၄) ဆန့်ကျင်ဖက်လိင်ကို မြူစွဲဖြားယောင်းသည့် သဘောဖြစ်စေမည့် အဝတ်အစားတို့ကို ရှောင်ရှားရန်။ အထူးသဖြင့် အမျိုးသမီးများ ပါးလွှာသည့်အဝတ်၊ ခန္ဓာအစိတ်အပိုင်းတို့ ပေါ်လွင်စေသည့် အလွန်ကြပ်သော အဝတ်များ။

အမျိုးသားများအတွက် အနည်းဆုံး ချက်မှသည် လက်ဖျား၊ ခြေမျက်စိတို့မှ လွဲ၍ အခြားအစိတ်အပိုင်းတို့အား သပ်ရပ်လုံခြုံစွာ ဖုံးအုပ်ထားရပါမည်။ အမျိုးသားရော အမျိုးသမီးပါ ဆန့်ကျင်ဘက် လိင်၏အဝတ်အစားမျိုး ဝတ်ဆင်ခြင်းကို တားမြစ်ထားသည်။ အမျိုးသမီးများအတွက် မျက်နှာ၊ လက်ကောက်ဝတ်မှ လက်ဖျား၊ ခြေမျက်စိတို့မှ လွဲ၍ အခြားအစိတ်အပိုင်းတို့အား သပ်ရပ်လုံခြုံစွာ ဖုံးအုပ်ထားရပါမည်။ ကုရ်အာန်ကျမ်းတွင် အမျိုးသမီးများ ရင်ခေါင်းပိုင်းကို လုံခြုံစွာ ဖုံးအုပ်ရန် ပါရှိပါသည်။ အာရဗ်ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ရင်ကိုဖုံးသော ခြုံလွှာသည် ဦးခေါင်းကိုပါ လွှမ်းခြုံပါသည်။ အမျိုးသမီးများ၏ အရှက်အဖြစ် ဆံပင်ကို သတ်မှတ်သည့် ရိုးရာဓလေ့ကို အိန္ဒိယတိုက်ငယ်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတိုက်နှင့် အခြားရှေးရိုးယဉ်ကျေးမှုတို့တွင် ယနေ့တိုင် ခိုင်ခိုင် မြဲမြဲတည်ရှိနေပါသည်။ ကက်သလစ်သာသနာ ထွန်းကားသည့် နိုင်ငံတို့တွင် ဘာသာတရားလိုက်စားကြသည့် အမျိုးသမီးများ မယ်တော်မာရိယ Mother Mary ကဲ့သို့ ဦးခေါင်းကို ပုံစံအမျိုးမျိုးဖြင့် အုပ်ဆောင်းထားပါသည်။

အကယ်စင်စစ်ကုန်အာန်ကျမ်းမြတ်တွင် ကာအိန္ဒြေထိန်းသိမ်းရန် မျက်လုံး၏ ကန့်လန့်ကာ ဟေဂျစ် အနေဖြင့် သူစိမ်းတို့နှင့် ဆက်ဆံရာတွင် မျက်လွှာချထားရန် အမျိုးသားများအား စတင်ပညတ်ထားခြင်းဖြစ်ပါသည်။ အနှစ်သာရသဘောမှာ အကုသိုလ်တို့ မြစ်ဖျားခံရာ နှလုံးသားကို စောင့်ထိန်းရန် အဓိကဖြစ်၏။ ဘူ(ရ်)ခါ (BURKA) ဟုခေါ်သော ခေါင်းမှ ခြေတိုင်ဖုံးအုပ်ထားသော ဓလေ့မှာ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ အာရဗ် အာဖရိက၊ အာဖကနစ္စတန်၊ အီရန်တို့၏ လူမျိုး ယဉ်ကျေးမှု (CUSTOM), (TRADITION) တို့အပြင် ရာသီဥတုဒဏ်ကာကွယ်ရန်လည်းဖြစ်၏။ နေကပ်(ဖ်) (NEKAB) ဟုခေါ်သော မျက်နှာကို ဖုံးအုပ်ထား ခြင်းမှာ သဲကန္တာရအတွင်းမှ (DESERT STORM) သဲမုန်တိုင်းတိုက်ခိုက်ချိန်တွင် သဲမှုန်များ မျက်စိ၊ ပါးစပ်၊ နားတို့ အတွင်းသို့ မဝင်စေရန် အမျိုးသားများလည်း ဖုံးအုပ်ရပါသည်။ အပူလှိုင်းရိုက်ခတ်မူ (HEAT STROKE) ကို ကာကွယ်ရန်လည်း ယင်းကဲ့သို့သော အဝတ်အစာမျိုးကို ထိုဒေသပထဝီအနေအထားနှင့် လိုက်လျောညီထွေစွာ အမျိုးသားအမျိုးသမီးတို့ ဝတ်ရပါသည်။ အမျိုးသမီးတို့အား အမျိုးသားများက ဖိနှိပ်ချုပ်ချယ်ပြီး၊ အတင်းအကြပ်ဝတ်ခိုင်းခြင်း မဟုတ်ပါ။ အမျိုးသမီးများကိုယ်တိုင် လွတ်လပ်သောဆန္ဒဖြင့် ရွေးချယ်ဝတ်ဆင်ခြင်းဖြစ်ပါသည်။ မြန်မာမွတ်ဆလင်အမျိုးသမီးတို့မှာ မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုဖြစ်သည့် ရင်ဖုံးအင်္ကျီ၊ ထမိန်ရှည်နှင့် ပုဝါတို့ကို ဝတ်ဆင်ကြပြီး၊ တရားအားထုတ်၊ ဝတ်ပြုဆုတောင်းချိန် သာသနိကအဆောက်အအုံအတွင်း ဝင်သည့်အခါ စသဖြင့် အထူးအလေး အမြတ် ဂါရဝတရားထားရမည့် အချိန်တို့တွင် ဦးခေါင်းကိုပါ လုံခြုံအောင် လွှာရုံတို့ ခြုံအုပ်၍ ဘာဝနာ ပွားများကြပါသည်။

လူသား၏ လွတ်လပ်စွာ ရွေးချယ်မှုဟုဆိုသော ခေါင်းစဉ်အောက်မှ ဝတ်လစ်စလစ် (NUDE) နေခြင်း၊ အတိုအပြတ်၊ အဟိုက်များ ဝတ်ဆင်ခြင်းတို့သည် လူ့အခွင့်အရေးဆိုပါလျှင် မွတ်ဆလင်အမျိုးသမီးတို့၏ လွတ်လပ်စွာ ရွေးချယ်ဝတ်စားဆင်ယင်မှုကို အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုဟုဆိုနိုင်၊ မဆိုနိုင်ကို အလေးအနက်စဉ်းစားရပါမည်။