သေခြင်း/ခရစ်တော်၌အိပ်ပျော်ခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ခရစ်ယာန်တို့၏ နားလည်မှု၌ ဘဝသည်သေခြင်း၌ အဆုံးသတ်သွားခြင်းမဟုတ်ဘဲ၊ ဤခန္ဓာဖြင့်ရှင်သန်နေသောအသက်၏ တစ်ခန်းတစ်ကဏ္ဍအဖြစ် နားလည်ပါသည်။ ထို့ကြောင့် ခရစ်တော်၌အိပ်ပျော်ခြင်းဟု ကျမ်းသဘောအရ ရည်ညွှန်းခြင်းဖြစ်သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ကမ္ဘာဦးကျမ်းအရ၊ သေခြင်းသည် အပြစ်၏အဖိုးအခအဖြစ် ခရစ်ယာန်အများစုက နားလည်ထားကြပါသည်။ သို့သော်လည်း၊ ခရစ်တော်က “ငါ့ကိုယုံကြည်သောသူတို့သည် သေလွန်သော်လည်း ရှင်လိမ့်မည်” ဟုမိန့် ကြားခဲ့ပါသည်။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သောခရစ်ယာန်တို့ အနေနှင့် သေခြင်းသည် ခရစ်တော်၌ဆက်လက်ရှင်သန်သောအသက်တာ၏ အခြားမျက်နှာစာတစ်ရပ်အဖြစ် ခံယူပါသည်။ ယင်းကို ခရစ်တော်၌အိပ်ပျော်ခြင်း၊ ခရစ်တော်နှင့်အတူရှိခြင်းစသည်ဖြင့် ခေါ်ဝေါ်ကြသည်။ ထို့ပြင် လူ့အသက်တာသည် ဘုရားသခင် ဖန်ဆင်းပေးသနားတော်မူသော ဆုကျေးဇူးအဖြစ် ရှုမြင်ယုံကြည်သည်ဖြစ်ရာ၊ သေခြင်းသည် ဘုရားသခင်က ထိုပေးထားသောအသက်ကို မိမိထံတော်ပါးသို့ ပြန်လည်ရုတ်သိမ်းခြင်းအဖြစ် နားလည်ကြသည်။ ထို့ကြောင့် “ခေါ်တော်မူခြင်းခံရသည်” ဟုလည်းသုံးနှုံးကြပါသည်။ ထိုသို့ခေါ်တော်မူခြင်းခံရခြင်း၊ ခရစ်တော်နှင့်အတူရှိခြင်း အခြေအနေသည် ဘုရားသခင်၏ဘုန်းအသရေနှင့်ပတ်စည်းခြင်းခံရသော အခြေအနေဖြစ်ရာ၊ သေခြင်းကို “ဘုန်းတော်ဝင်စားခြင်း” ဟုလည်း သုံးနှုံးကြပါသည်။ ထို့ကြောင့် ခရစ်ယာန်တို့ အနေနှင့် သေခြင်းကို အမင်္ဂလာအဖြစ်မဟုတ်ဘဲ၊ မင်္ဂလာတစ်ပါးအဖြစ် ရှုမြင်ကြခြင်းဖြစ်သည်။ အကြောင်းမှာ၊ သေခြင်းအားဖြင့်သာလျှင် ရှင်ပြန်ထမြောက်ခြင်း မြှော်လင့်ချက်ကို ပြည့်စုံစေနိုင်မည်ဖြစ်သည်။