သုံးပါးတစ်ဆူ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သုံးပါးတစ်ဆူ[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

တစ်ဆူတည်းသောဘုရားအမြင်နှင့်ပတ်သက်၍ နားလည်မှုအပေါ် ဖွင့်ဆိုသောအသုံးအနှုံးတစ်ခုဖြစ်သည်။ တစ်ဆူတည်းသောဘုရားအတွင်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ဟူသောပုဂ္ဂိုလ်သုံးပါး၏ တစ်လုံးတစ်ဝတည်း ဖြစ်နေခြင်းသဘောကို ရည်ညွှန်းပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ခရစ်ယာန်တို့သည် ဂျူးတို့၏တစ်ဆူတည်းသောဘုရားယုံကြည်ချက်ကို ဆက်လက်ခံယူလာကြပါသည်။ သို့သော် ခရစ်ယာန်တို့အနေနှင့် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ကိုသိမြင်ခံစားလာကြရာ၌၊ ယေရှုက ဘုရားသခင်အားမိမိ၏ “အဘ” ဟူ၍ဖေါ်ပြသည်ကိုအခြေခံခြင်းဖြင့် ဘုရားအပေါ်နားလည်ပုံပိုမိုကြွယ်ဝလာသည်ဟုဆိုနိုင်ပါဖြစ်သည်။ ဘုရားသခင်သည် ယေရှုခရစ်တော်၏အဘဖြစ်သည်ဟုဆိုခြင်းသည် ဇီဝကမ္မ သဘောဖြင့် သားအဘဖြစ်ခြင်းမဟုတ်ပဲ၊ ဝိညာဉ်သဘောဖြင့် နားလည်ခြင်းဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖြစ်ပွားစေသော သားတော်ဖြစ်သည်ဟုနားလည်ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဝေါ်ခြင်း၌၊ ဇီဝအသွေးအသားသဘောဖြင့် နားလည်သော မယ်တော်လည်း ရှိရန်လိုအပ်သည့်သဘောမျိုး မဟုတ်ပါ။ ဘုရားသခင်သည် အရားခပ်သိမ်း၏မူလဘူတအရင်းအမြစ် (the Source, the Foundation, the Beginning, the ground) ဖြစ်ကြောင်းကိုရည်ညွှန်းခြင်းဖြစ်သည်။ ဘုရားသခင်နှင့် လူသားတို့ အကြား ဆက်ဆံရေးကိုလည်း အုပ်စိုးသူ-အုပ်စိုးခံဟူသော ယခင်ဂျူးတို့၏အမြင်မျိုးဖြင့်မဟုတ်တော့ပဲ၊ ဖခင်နှင့်သားသမီးအကြား မေတ္တာကိုအခြေခံသောမိသားစုဆက်ဆံရေးမျိုးဖြင့် ပြန်လည်ရှုမြင်ပါသည်။ ဤနေရာတွင် သားတော်ဖြစ်သူ ယေရှုခရစ်တော်သည် ခမည်းတော်ထံမှလာပြီး ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်၏ မေတ္တာ၊ အလိုတော်၊ အကြံတော်တို့ကိုအပြည့်အဝ ဖွင့်ပြထင်ရှားစေသူ၊ သူ့အားဖြင့် ဘုရားသခင်ကိုထင်ရှားစွာကိုယ်တွေ့ ထိတွေ့နားလည်လာစေသူအဖြစ် ခံစားကြရသောကြောင့်၊ သူနှင့်ခမည်းတော်တို့အကြား တစ်လုံးတစ်ဝတည်းဖြစ်ကြောင်း ယေရှု၏သွန်သင်ချက်အပေါ်အခြေခံလျက်၊ ခမည်းတော်ဘုရားနှင့် တစ်ဇာတိတည်းဖြစ်ခြင်းကို ယုံကြည်လက်ခံကြသည်။ ဆိုလိုသည်မှာ၊ ယေရှုခရစ်သည် လူ့ဇာတိကိုခံယူလိုက်သော ဘုရားပင်ဖြစ်ကြောင်း ယုံကြည်ခံယူခြင်းဖြစ်သည်။ ထိုသို့ယုံကြည်သည်နှင့်အမျှ၊ ယေရှုခရစ်တော်၏ ခမည်းတော်ဘုရားနှင့် တစ်ဂိုဏ်းတည်း၊ တစ်ဇာတိတည်းဖြစ်သောသားတော်ဘုရားဖြစ်ခြင်း ယုံကြည်ချက်သည် ခရစ်ယာန်ယုံကြည်ခြင်း၏အခြေခံအုတ်မြစ်ဖြစ်လာပါသည်။ ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းကို အထက်ကဖေါ်ပြခဲ့ပြီးသည့်အတိုင်း၊ လူသားတို့အကြားနှင့်အတွင်း၌ အစဉ်လှုပ်ရှားနေပြီး ခမည်းတော်ဘုရားထံမှ ထွက်ကြွသော ဝိညာဉ်တော်ဘုရားအဖြစ်ယုံကြည်ခံယူပါသည်။ ထိုသို့ ဘုရားသခင်၏နက်နဲသောဖွင့်ပြမှုအပေါ် ရှုမြင်ခံစားရသောခရစ်ယာန်တို့၏ ဘာသာရေးအတွေ့အကြုံကို အခြေခံခြင်းဖြင့် ဘုရားသခင်၏ ခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ဟူသော သုံးပါးတစ်ဆူဖြစ်ခြင်း ယုံကြည်ခံယူချက်သည် ဘုရား၏အတွင်းအနှစ်သာရဖြစ်သော ချစ်ခြင်းမေတ္တာကို ထင်ရှားပေါ်လွင်စေသောယုံကြည်ချက်အဖြစ် ခရစ်ယာန်တို့ကခံယူထားကြပါသည်။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဘုရားသခင်၏ ခွဲခြား၍မရသောအတွင်းသဘောသဘာဝတို့သည် ပုဂ္ဂိုလ်သုံးပါးသဘောဖြင့် တစ်ပါးနှင့်တစ်ပါးအတွင်းအပြန်အလှန်မှီတင်းသက်ဝင်နေခြင်း(perichoresis, mutual co-indwelling) ဖြစ်သည်ဟုနားလည်ပါသည်။