သာသနာပြုခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ယေရှုခရစ်အားဖြင့် ဘုရားသခင်ဖွင့်ပြတော်မူသော အဆုံးအမများအတွင်း လူတို့နေထိုင်ကျင့်ကြံအားထုတ်နိုင်စေရန် ဆောင်ရွက်ခြင်းကို ရည်ညွှန်းပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

စင်စစ်အားဖြင့် အသင်းတော်၏ အမှုတော်ဆောင်ခြင်းသည် ဘုရားသခင်၏သာသနာအတွင်း ပါဝင်နေခြင်းဖြစ်သည်။ အသင်းတော်အနေနှင့်လည်းကောင်း၊ ယုံကြည်သူခရစ်ယာန်တစ်ဉီးချင်း၏ ဘုရားသခင် အလိုတော်အတိုင်း ကျင့်ကြံအားထုတ် ဆောင်ရွက်ခြင်းသည် သာသနာပြုနေခြင်းပင် ဖြစ်သည်။ သို့သော် နောက်ပိုင်း၌ ခရစ်တော်၏အကြောင်း၊ အဆုံးအမဩဝါဒများအား နှုတ်ဖြင့်ဖြစ်စေ၊ လူမှုဘဝအတွင်း လက်တွေ့အကောင်အထည်ဖေါ်ခြင်းဖြင့်ဖြစ်စေ ပြုလုပ်သော ကိစ္စအဝဝကို သာသနာပြုခြင်းအဖြစ် ကျယ်ပြန်စွာအနက်ဖွင့် နားလည်လာကြသည်။ ထိုအခါ သာသနာပြုခြင်းသည် ဝိညာဉ်ရေးကိစ္စသက်သက်သာ မဟုတ်တော့ဘဲ၊ လူ့ဘဝတစ်ခုလုံးဖြစ်သည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးမှအစ ဆင်းရဲဒုက္ခမှလွတ်မြောက်ရေး၊ အနှောင်အဖွဲ့အမျိုးမျိုးအတွင်းမှ လွတ်မြောက်ရေး၊ စွမ်းဆောင်နိုင်ရည်ရှိလာလျက် မိမိဘဝကို မိမိကိုယ်တိုင် ရပ်တည်ဖန်တီးနိုင်စွမ်းရှိလာရေး၊ ကမ္ဘာမြေနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ခြင်းမှအစ ဘဝ၏ဥဿုံ လွတ်မြောက်ကယ်တင်ခြင်းကိစ္စအဝဝ အကြုံးဝင်ပါသည်။ အကြောင်းမှာ ဘုရားသာသနာသည် သူ၏ဖန်ဆင်းခြင်းတစ်ရပ်လုံး၏ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာရရှိစေရေးအတွက် ဖြစ်သည်ဟု နားလည်ခံယူသောကြောင့် ဖြစ်သည်။