သမ္မာကျမ်းစာ ဓမ္မဟောင်း/ ဓမ္မသစ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ခရစ်ယာန်ယုံကြည်ခြင်း အခြေခံထားသော ကျမ်းစာကို ရည်ညွှန်းခြင်း ဖြစ်သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ခရစ်ယာန်တို့လက်ခံအသိအမှတ်ပြုထားသော သမ္မာကျမ်းစာသည် ရောမကာတိုလိပ်အသင်းတော်အရ (၇၄) ကျမ်းရှိပြီး၊ ပရိုတက်စတင့်အသင်းတော်များအရ (၆၉) ကျမ်းရှိပါသည်။ ထိုကျမ်းများအနက်၊ ဓမ္မဟောင်း ဟုခေါ်သော ဂျူးဘာသာကလက်ခံထားသောကျမ်းပေါင်း (၃၉) ကျမ်းနှင့် ယေရှုခရစ်တော်အား ယုံကြည်သူတပည့်တော်များ၏ သက်သေခံချက်များဖြင့် ရေးသားပြုစုထားသော ကျမ်းပေါင်း (၂၇) ကျမ်းရှိပါသည်။ စင်စစ်အားဖြင့် ခရစ်ယာန်တို့၏ကျမ်းသည် တစ်နေရာ၊ လူတစ်ဦး၊ တစ်ခေတ်တစ်ချိန်တည်းအတွင်းပေါ်ပေါက်လာခြင်းမဟုတ်ပါ။ နှစ်ပေါင်း တစ်ထောင်ကျော်ကာလအတွင်း ခေတ်အဆက်ဆက်၊ လူအမျိုးမျိုးတို့၏ မိမိတို့၏ဘဝ၊ သမိုင်းအခင်းအကျင်းအတွင်း ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် ဖွင့်ပြမှုတို့အပေါ် သက်သေခံတင်ပြထားသော ယုံကြည်ခြင်း အတွေ့အကြုံများကို ပြန်လည်စုစည်းထားသောကျမ်းဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာဟုဆိုရာ၌ ပညတ်တရားများ၊ ရာဇသမိုင်း၊ ပရောဖက်စကားများ၊ ပညာရှိအဆိုအမိန့်များ၊ ချီးမွှမ်းသီချင်းများ၊ ဗျာဒိတ်တော်များ၊ ခရစ်တော်၏ အဆုံးအမ အဆိုအမိန့်များ၊ ယုံကြည်ခြင်း ခိုင်မြဲစေသောသြဝါဒနှင့် အားပေးစာများ စသည်ဖြင့် ကဏ္ဍအမျိုးမျိုး ခွဲခြားနိုင်ပါသည်။ သမ္မာကျမ်းစာအပေါ် ခရစ်ယာန်တို့အတွင်း အမြင်အမျိုးမျိုးရှိပါသည်။ တစ်ခုမှာ၊ ယင်းသည် ဘုရားသခင်ကတိုက်ရိုက် ဗျာဒိတ်ရူပါရုံပေးလျက် ဝိညာဉ်တော်လှုံ့ဆော်မှုဖြင့် မိမိ၏အလိုတော်၊ အကြံတော်တို့ကို ရေးသားစေခြင်းဖြင့် ပေါ်ပေါက်လာသည်ဟု နားလည်ကြသည်။ အချို့မှာ ထိုကျမ်းများသည် ရှေးမဆွကတည်းက နှုတ်ဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ သားစဉ်မြေးဆက်လက်ဆင့်ကမ်းလာခြင်းသဘော (oral transmission) ဖြစ်ပြီး နောက်ပိုင်းမှသာ ပေထက်အက္ခရာတင်လာရာမှ၊ တစ်ဖန် ကျမ်းအဖြစ်လက်ခံလာရန်အတွက် စံပြုခြင်းဖြစ်စဉ် (canonization process) အားဖြင့် ယနေ့ခရစ်ယာန်တို့ လက်ခံယုံကြည်နေကြသော ကျမ်းအခြေအနေသို့ရောက်လာခြင်းဖြစ်သည်ဟု နားလည်ပါသည်။