ရှင်ပြန်ထမြောက်ခြင်း/အီစတာ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ယေရှုခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌အသေသတ်ခံရပြီးသည့်နောက် သုံးရက်မြောက်သောနေ့တွင် ပြန်လည်၍ ရှင်ပြန်ထမြောက်လာခြင်းကို ရည်ညွှန်းပြီး၊ ထိုသို့ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကိုအကြောင်းပြု၍ ဆင်ယင်ကျင်းပသောပွဲတော်ကို အီစတာပွဲတော်ဟု ခေါ်ပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် ယုံကြည်သူခရစ်ယာန်တပည့်တော်တို့အတွက် မြှော်လင့်ချက်ရောင်ခြည်များ ပြန်လည်လန်းဆန်းလာစေပါသည်။ လက်ဝါးကပ်တိုင်ပေါ်၌ ခရစ်တော်အသေခံရခြင်းသည် သူတို့အတွက် မြှော်လင့်ချက်များ ပျောက်ဆုံးကာ စိုးရိမ်ကြောက်ရွံ့မှုများက လွှမ်းမိုးနေပါသည်။ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သူတို့သည် ခွန်အားသတ္တိများ အသစ်တစ်ဖန်ပြန်လည် နိုးထလာပြီး ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသတင်းကောင်းကို ဦးလည်မသုံ လိုက်လံဟောပြောနိုင်လာကြသည်။ ခရစ်တော်၏တမန်တော်ရှင်ပေါလုက ခရစ်တော်သာရှင်ပြန် ထမြောက်ခြင်းမရှိခဲ့ပါက မိမိတို့၏ယုံကြည်ခြင်းသည် အချည်းနှီးသာဖြစ်ပါမည်ဟုဆိုခဲ့ပါသည်။ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၌ အထွတ်အထိပ်နေရာ၌ရှိပြီး ဗဟိုချက်မလည်းဖြစ်ပါသည်။ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းက၊ သေခြင်းသည် လမ်းဆုံးမဟုတ်ကြောင်း၊ သေခြင်းကိုအောင်နိုင်သော ရှင်ပြန်ထမြောက်ခြင်းတန်ခိုးက ယုံကြည်သူခရစ်ယာန်တို့အတွက် ယုံကြည်သူဖြစ်ရခြင်း၏ အနှစ်သာရကို ပေးပါသည်။ ဘုရားသခင်သည် ယေရှုခရစ်တော်အား သေခြင်းမှ ထမြောက်စေသည့်နည်းတူ၊ ခရစ်တော်၌ ယုံကြည်သူတို့သည်လည်း သေခြင်းကိုအောင်နိုင်လျက် နောက်ဆုံးသောကာလတွင် ရှင်ပြန်ထမြောက်စေခြင်းအခွင့်ကို ခံစားရမည်ဖြစ်ကြောင်း ယုံကြည်ကြသည်။ ထို့ကြောင့် ခရစ်ယာန်တို့အတွက် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် စာတန်၏ နောက်ဆုံးလက်နက်ဖြစ်သော သေခြင်းကိုစိုးရိမ်ကြောက်ရွံ့ခြင်းမှပင် လွတ်မြောက်ကြသည်ဟုခံယူပါသည်။ ထို့ကြောင့် ခရစ်ယာန်အသက်တာသည် နေ့စဉ်နှင့်အမျှ ခရစ်တော်၏လက်ဝါးကပ်တိုက်တော်၌ အသေခံပြီး၊ နေ့စဉ်နှင့်အမျှ ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်သော အသက်တာဖြစ်သည်ဟု ခံယူကြပါသည်။ ခရစ်ယာန်အသက်တာသည် နေ့စဉ်ရှင်ပြန်ထမြောက်သော ဘဝသစ်ခရီး ဖြစ်ပါသည်။