ရမ်မဿွန်လ (HOLY MONTH OF RAMADAN)

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အစ္စလာမ်သာသနာ၏ ပြက္ခဒိန်အား မဟာတမန်တော်မြတ်ကြီး မက္ကာမြို့တော်မှ မဒီနာမြို့တော်သို့ ကူးပြောင်းစံမြန်းသည့်အချိန်မှစတင်သတ်မှတ်ပါသည်။ ကူးပြောင်းမူ “ဟစ်ဂျရသ်”ကို အကြောင်းပြု၍ ဟစ်ဂျရီ မဟာသက္ကရာဇ်ဟု ခေါ်တွင်ပါသည်။ လပေါ်မှာ အခြေခံ၍ တွက်ချက်ရသောစနစ် (LUNAR CALENDER) ဖြစ်ပါသည်။ တရားတော်နှင့်အညီ ဘဝတည်ဆာက်ပါက အချိန်ကာလနှင့် နေရာဒေသမရွေး ကောင်းချီး မင်္ဂလာတို့ ခညောင်းနေပါသည်။ သို့ရာတွင် အချို့လ၊ အချို့ည၊ အချို့ဒေသ၊ အချို့ပုဂ္ဂိုလ်တို့နှင့် ကြုံဆုံထိတွေ့ ရ၍ သစ္စာဓမ္မ၏ အကြောင်းခံအလ္လာလ်ကို ပိုမိုနှလုံးသွင်းဉာဏ်ပွားမှုများဖြစ်ပေါ်လာတတ်ပါသည်။ ထိုလထူးလမြတ် တို့တွင် ဟစ်ဂျရီမဟာသက္ကရာဇ်၏ နဝမ (၉)မြောက်လသည် ရမ်မဿွန်လမြတ်ဖြစ်ပါသည်။ လောင်ကျွမ်းခြင်း ဟူသော ရင်းမြစ်စကားမှ ဆင်းသက်လာ၏။ အကုသိုလ်ဒုစရိုက်နှင့် အဝိဇ္ဇာ၊ ကိလေသာ စိတ်တို့အား ဤလတွင် လောင်မြိုက်စေသော အခင်းအကျင်းနှင့် ပြည့်စုံသောလဟု ဘာသာရေးဝေါဟာရတွင် အနက်ဖွင့်ထားပါသည်။

ပြင်ပပယောဂ၊ မလျော်သြဇာစသည် အတင်းအဓမ္မမှုနှင့် လာဘ်လာဘပေးမြူဆွယ်မှုများ ကင်းရှင်းစွာ မိမိ၏လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အစ္စလာမ်၏ နှစ်ဘဝအောင်မြင် ငြိမ်းချမ်းတည်ဆောက်ပုံကို ရွေးချယ်ထားသူတို့ ရမဿွန်လတွင် တာဝန်တစ်ရပ်အနေဖြင့် သီလ စင်ကြယ်ရန် ဥပုသ်သီတင်းဆောက်တည် ကြရပါသည်။ စိတ်ထားလင်းလက်၊ Óဏ်ရည်ထက်ရန် ရည်သန်၍ မကောင်းမှုမှန်သမျှ ရှောင်၊ ကောင်းမှု မှန်သမျှ ဆောင်ရန်တာဝန်မှာ မွတ်ဆလင်တိုင်း အချိန်တိုင်း ကျင့်သုံးရမည့်တာဝန်ဖြစ်ပါသည်။ သို့ရာတွင် အခြားအချိန်တို့တွင် တရားတော်၏ ပညတ်စည်းကမ်းတို့အတိုင်း ဆောင်ရွက်ပါက ကုသိုလ်အကျိုးရနိုင်သည့် ကိစ္စသုံးမျိုးကို ဆွီယမ်၊ ဆောင်(မ)ခေါ် ဥပုသ်စောင့်ထိန်းချိန်တွင် နေထွက်မှ နေဝင်ချိန်အထိ အချိန်ပိုင်းနှင့် ခေတ္တ ယာယီရပ်ဆိုင်းထားရ၏။ ယင်းကိစ္စသုံးခုမှာ ရေအပါအဝင် မည်သည့်အရည် (LIQUID)မျှ သောက်သုံးခြင်း၊ အစာအာဟာရ (SOLID FOOD) စားသုံးခြင်း၊ တရားဝင်ဇနီးမောင်နှံတို့၏ မေထုန် ဆက်ဆံမှု (SEXTUAL INTERCOUSE) တို့ဖြစ်ပါသည်။ သို့ရာတွင် သီလ၊ သမာဓိ၊ ပညာ စသည့်သိက္ခာတရားတို့ မတွန်းတောက်စေဘဲ အစာ၊ အရည်နှင့် မေထုန်မှုတို့ ရှောင်ရုံမျှကို အလ္လာလ် ဖန်ဆင်းထားသည့် ဘုံနိမ့်သတ္တဝါ အဟိတ်တိရစ္ဆာန်တို့ပင် လနှင့်ချီ၍ ဆောင်ရွက်နိုင်ကြသဖြင့်၊ ကိလေသာကို ဖိချေမှုမပြုသော ရှောင်ကြဉ်မှုတွင် အစာရေစာငတ်ရုံသာ အဖတ်တင်မည်ဟု မဟာတမန်တော်မြတ်ကြီး၏ သြဝါဒတော်တွင် ဖော်ညွှန်းထားပါသည်။