ဘုရားသခင်၏ နှုတ်ကပတ်တော်/သမ္မာတရား

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံးနှင့် အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

အထက်ဖေါ်ပြခဲ့ရာ ဘုရားသခင်ကတိုက်ရိုက် ဗျာဒိတ်ရူပါရုံပေးလျက် ဝိညာဉ်တော်လှုံ့ဆော်မှုဖြင့် မိမိ၏အလိုတော်၊ အကြံတော်တို့ကို ရေးသားစေခြင်းအဖြစ် သမ္မာကျမ်းစာအပေါ် နားလည်ပုံတစ်မျိုးအရဆိုလျှင် သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်ဟု ယုံကြည်လက်ခံထားပါသည်။ ထိုဘုရားသခင်၏နှုတ်ကပတ်တော်သည် လူတို့အသက်ရှင်ရမည့်လမ်း၊ သမ္မာတရားဖြစ်ရာ၊ ယင်းကို သမ္မာကျမ်းစာအတွင်း၌သာ ရှာဖွေသိရှိနိုင်သည်ဟု ခံယူထားသူများလည်းရှိပါသည်။

သို့သော် ခရစ်ယာန်သမိုင်းတစ်လျှောက်အတွင်း ထိုအသက်ရှိခြင်းလမ်း (the way of life) ဖြစ်သည့် ဘုရားသခင်၏နှုတ်ကပတ်တော်၊ သမ္မာတရား၊ သစ္စာတရားသည် သမ္မာကျမ်းစာအတွင်းမှသာဖေါ်ပြခြင်းမဟုတ်ဘဲ၊ လောကဖန်ဆင်းခြင်း တစ်ရပ်လုံးအတွင်းနှင့် မိမိတို့၏ ဘဝအတွေ့အကြုံများအတွင်းမှလည်း ဖေါ်ပြလျက်ရှိကြောင်းခံယူနားလည်ကြပါသည်။ ထိုသို့တစ်လောကလုံးအတွင်း ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုးဖြင့် လူတို့အား ဆက်သွယ်ဖလှယ်လျက်ဖွင့်ပြနေသော ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သမ္မာတရား၊ သစ္စာတရားကို ခရစ်ယာန်တို့အနေနှင့် ယေရှုခရစ်တော်၏အသက်ရှင်ပုံ၊ သွန်သင်မှုအဆုံးအမများအတွင်း အပြည့်အဝ သိရှိခံစားကြရသည်ဖြစ်သောကြောင့်၊ ယေရှုခရစ်တော်အား လူ့ဇာတိဖြင့် အကောင်အထည်ပေါ်ထင်ရှားလာသော ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် ရှုမြင်ခံယူယုံကြည်ထားကြပါသည်။