ဗတ္တိဇံမင်္ဂလာ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ဂရိစကားလုံး Baptizo ကို အင်္ဂလိပ် ဘာသာဖြင့် Baptism ဟု တိုက်ရိုက်သံတူသုံးနှုံးထားခြင်း ဖြစ်သည်။ ယင်းသည် ရေကိုအသုံးပြုပြီး ယေရှုခရစ်တော်အား မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်း အမှတ်လက္ခဏာ အဖြစ်အသင်းတော်တွင်း စီရင်သော ဓမ္မမင်္ဂလာဝတ်တစ်ပါးကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ဤအသင်းတော်၏ ယုံကြည်ခြင်းဆိုင်ရာ ကျင့်သုံးမှုထုံးတမ်းသည် ယေရှုကိုယ်တိုင် မိမိ၏အမှုတော်အစပိုင်းတွင် ဗတ္တိဇံဆရာယောဟန်ထံသွားရောက်ကာ ယော်ဒန်မြစ်အတွင်း ဗတ္တိဇံခံခဲ့ခြင်းကို အခြေခံထားပါသည်။ ယေရှုခံခဲ့သောဗတ္တိဇံသည် ယောဟန်ဟောပြောကြွေးကြော်နေသော ဘုရားသခင်၏နိုင်ငံတော်ဆိုင်ရာ နောင်တရခြင်းတရားအတွင်း မိမိလည်း ထပ်တူပါဝင်ကြောင်းပြသသည့်အနေနှင့် ဖြစ်သည်။ ယေရှုကိုယ်တိုင်ကား၊ မည်သူ့ကိုမျှ ဗတ္တိဇံပေးခဲ့ကြောင်း သမ္မာကျမ်းစာအတွင်း မတွေ့ရ သော်လည်း၊ နောက်ပိုင်းခရစ်တော်၏တပည့်တော်၊ တမန်တော်များ လက်ထက်တွင် ယေရှုမိန့်ကြားခဲ့သည့်အတိုင်း ယေရှုခရစ်တော်ကို သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏ဘဝသစ်ဖြင့်ပြောင်းလဲခြင်း အထိမ်းအမှတ်အဖြစ် ဗတ္တိဇံပေးခဲ့သည်။ ရေကိုအသုံးပြုခြင်းမှာ၊ ဆေးကြောသန့်စင်စေခြင်းလက္ခဏာဖြစ်ပြီး၊ အထူးသဖြင့် မိမိစိတ်နှလုံးကိုသန့်ရှင်းစင်ကြယ်စေခြင်းအမှတ်သင်္ကေတ ဖြစ်သည်။ ကနဦးအသင်းတော်တွင်း၌ ဦးခေါင်းပေါ်သို့ ရေဖြင့်ပက်ဖြန်းခြင်း၊ လောင်းခြင်းနှင့် တစ်ကိုယ်လုံး ရေထဲသို့နှစ်ခြင်း ပုံစံသုံးမျိုးစလုံး ကျင့်သုံးခဲ့သည့်ဓလေ့ရှိကြောင်း သိရပါသည်။ ယနေ့ ရောမကာသိုလိတ်နှင့်အချို့သော ပရိုတက်စတင့်အသင်းတော်များ၌ ကလေးသူငယ်များကို အသင်းတော်၏ယုံကြည်ခြင်းအတွင်း ဗတ္တိဇံပေးသော ထုံးတမ်းဓလေ့ကို ကျင့်သုံးသဖြင့် ဦးခေါင်းအားရေနှင့် ပက်ဖြန်းခြင်းပုံစံကို ကျင့်သုံးကြပါသည် (Infant Baptism)။ နှစ်ခြင်းခရစ်ယာန်များအနေနှင့် မိမိကိုယ်တိုင် ခရစ်တော်ကိုယုံကြည်ကြောင်း ဘုရားရှေ့၊ လူတို့ရှေ့တွင် ဝန်ခံနိုင်သူကိုသာ ဗတ္တိဇံပေးသဖြင့် ရေထဲတွင် တစ်ကိုယ်လုံးနစ်မြုပ်စေသည့်ပုံစံကို ကျင့်သုံးပါသည် (Believer Baptism)။ မည်သည့်ပုံစံဖြင့်ဖြစ်စေ၊ ဗတ္တိဇံမင်္ဂလာ၏အနှစ်သာရမှာ၊ ယေရှုခရစ်တော်ကိုယုံကြည်သူတစ်ဦး၏ လူဟောင်းစိတ်ဟောင်းတို့ကို ဆေးကြောသန့်ရှင်းစေပြီး လူသစ်စိတ်သစ်ဘဝသစ်ကိုစတင်လျှောက်လှမ်းသည့် အနေနှင့် သစ္စာပြုခြင်းအဖြစ် ဗတ္တိဇံမင်္ဂလာပေးသူက “သင်သည် သခင်ယေရှုခရစ်တော်အား မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပါသလော” ဟုမေးသည်ကို “ကျွန်ုပ်ယုံကြည်လက်ခံပါ၏” ဟုဖြေကြားသည်တွင် ဆရာက “သင်သည် သခင်ယေရှုခရစ်တော်အား မိမိ၏ကယ်တင်ပိုင်ရှင် အဖြစ်ယုံကြည်လက်ခံသည်ဖြစ်၍ သင့်အား ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်၌ ဗတ္တိဇံပေးပါ၏” ဟုဆိုပြီး သက်ဆိုင်ရာအသင်းတော်၏ပုံစံဖြင့် ဗတ္တိဇံမင်္ဂလာကို ဆက်လက်စီရင်ပါသည်။