ဖဿဝါ (HADITH)

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အစ္စလာမ်ဘာသာဝင်များအနေဖြင့် ကိုယ်၊ စိတ်၊ နှလုံးသုံးပါးလုံးဖြင့် လုပ်သမျှကိစ္စတို့သည် တရားတော်၏ လမ်းညွှန်ချက်အတိုင်း ဖြစ်ရပါမည်။ သာမန်ဘာသာဝင်တို့ နိစ္စဓူဝဆောင်ရွက်ရာတွင် တရားတော်နှင့် ကိုက်ညီမှု ရှိ/မရှိကို မိမိကိုယ်ပိုင်ဆုံးဖြတ်နိုင်သော သာသနာ့အသိတို့ ရှိနေရန် လိုအပ်ပါသည်။ သိမ်မွေ့နက်နဲရှုပ်ထွေးသောကိစ္စရပ်တို့တွင် အမှား၊ အမှန်ပိုင်းခြားဝေဖန်၍ အခက်အခဲများရှိပါက တတ်သိနားလည်သော အကျင့်သီလ၊ သမာဓိတို့ရှိသော သာသနာ့ပညာရှင်တို့အား မေးရ၏။ ကုန်အာန်ကျမ်းမြတ်တွင် မသိလျှင် သိသူထံ မေးဟု ညွှန်ကြားထား၏။ သိသွားပြီးလျှင် ကိုယ်လုပ်မည့်အလုပ်ကိုယ်တာဝန်ဖြစ်သွားပါသည်။ ကုန်အာန်ကျမ်းမြတ်တွင် အမှန်တရားကိုရရှိရန် ကုန်အာန်နှင့် မဟာတမန်တော်မြတ်က ညွှန်ပြသည့်အတိုင်း လိုက်နာရန်နှင့် ခေတ်၊ စံနစ်၊ ဝန်းကျင်သစ်တွင် ကြုံတွေ့နိုင်သော ပြဿနာ၊ အမေးပုစ္ဆာတို့အတွက် ကုန်အာန်နှင့် ဟဒီးဆ်သြဝါဒတော်တို့ကို အခြေခံ၍ ဖြေရှင်းနည်းများကို အကြံပြုနိုင်သည့်ပညာရှင်တို့၏ ဓမ္မသတ်ကို လိုက်နာကျင့်သုံးရန် ဖော်ပြထားပါသည်။ သို့သော် အဆိုပါဖန်ဆင်းခံ မနုဿလူသားပညာရှင်သည် ကုန်အာန်နှင့် ဟဒစ်သြဝါဒတော်လာ တရားတော်တို့နှင့် ဆန့်ကျင်၍ ဓမ္မသတ်ထုတ်၍ မရပါ။

ဤကဲ့သို့ ဘဝတည်ဆောက်မှုပုံစံဆိုင်ရာအမေးတို့အား ဖြေကြားသည့်ပညာရှင်တို့၏ ပညတ်ချက်တို့ကို ဖဿဝါဟု ခေါ်၏။ ဓမ္မသတ်ပညာရှင်တို့၏ဖြေကြားချက်တို့မှာ သူတို့၏ ဉာဏ်မှီသမျှ အကြံပြုချက် (OPINION) ဖြစ်၍ ဖြေကြားချက်အား “အနန္တဉာဏ်တော်ရှင်အလ္လာဟ်သည်သာလျှင် အသိဆုံးဖြစ်၏”ဟူသော မှတ်ချက်ဖြင့် အဆုံးသတ်လေ့ရှိ၏။ ယင်းသို့သော အမေးပုစ္ဆာတို့အား “မ(စ်)အလာ” ဟု ခေါ်၍ ဖြေကြားရန် အရည်အသွေးပြည့်မှီသူအား “မုဖ်သီ” MUFTI ဟု ခေါ်၏။