ဖန်ဆင်းခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

စကြဝဠာအပေါင်းနှင့်တကွ လောက၌ရှိရှိသမျှ အရာခပ်သိမ်းတို့အားရည်ညွှန်းသော ခရစ်ယာန်အသုံးအနှုံးဖြစ်သည်။ ထိုအရာအားလုံးကို ဘုရားသခင်ဖန်ဆင်းထားခြင်းဖြစ်သည်ဟု ကျမ်းသဘောအရနားလည် ခံယူထားသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်သည်ဟူသောယုံကြည်မှုအပေါ် အခြေခံထားခြင်းဖြစ်သည်။ ကယ်တင်ခြင်းနှင့်ပတ်သက်၍ အထက်၌ ဖေါ်ပြခဲ့သည့်အတိုင်း၊ လက်ရှိဘဝအတွင်း တွေ့ကြုံခံစားနေရသော ဒုက္ခဆင်းရဲခြင်း၊ ရောဂါ ဘယဖိစီးနှိပ်စက်ခြင်း၊ မတရားဖိနှိပ်ညှင်းဆဲခြင်း စသော ဘဝ၏အနိဌာရုံများမှ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာ အရပါလွတ်မြောက်ခြင်းချမ်းသာခံစားရသည့် အခြေအနေဖြစ်သည်။ ဘုရားသခင်သည်ထိုသို့သောအခြေအနေမျိုးကို ဆောင်ကျဉ်းပေးသော၊ ဖြစ်ပွားစေသော၊ ပြောင်းလဲစေသောတန်ခိုး၊ အကြောင်းတရားကြီးအဖြစ် နားလည်ယုံကြည်ထားပါသည်။ ထို အပြုသဘောဖြစ်သောအပြောင်းအလဲကို ဖန်ဆင်းခြင်းအဖြစ်တင်ပြလာခြင်းဖြစ်သည်။

ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်သည်ဟူသော ယုံကြည်ချက်သည် ဣသရေလလူမျိုးတို့အတွက် အစပိုင်း၌ မိမိတို့လူမျိုးတို့အား အီဂျစ်ကျွန်ဘဝမှ ကယ်တင်သည့်ဘုရားအဖြစ်ဖြင့်သာ နားလည်ထားကြပါသည်။ သို့သော် ဣသရေလတို့၏သမိုင်းအတွင်း ဒုတိယအကြိမ် ဗာဘုလုန်ကျွန်ဘဝသို့ ရောက်ကြရချိန်အတွင်း၊ ဗာဘုလုန်တို့၏ ပါရှန်ဖန်ဆင်းခြင်းဒဏ္ဍာရီနှင့် စတင်ရင်းနှီးထိတွေ့ခွင့်ရလာကြသည်။ ထိုသို့ထိတွေ့ခွင့်ရလာခြင်းဖြင့် သူတို့သည် မိမိတို့၌ မျှော်လင့်ချက်များပြန်လည် လန်းဆန်းလာပြီး၊ မိမိတို့ယုံကြည်သောဘုရားသည် မိမိလူမျိုးတစ်မျိုးတည်းကိုသာ ကယ်တင်သည့်ဘုရားမဟုတ်ဘဲ၊ တစ်လောကလုံးကို ဖန်ဆင်းကယ်တင်သည့်အရှင်ဖြစ်ကြောင်း စတင်ခံစားနားလည်လာကြပါသည်။ ထိုနားလည်ယုံကြည်မှုကို ဖန်ဆင်းခြင်းအကြောင်းဖြင့် ပုံဖေါ် တင်ပြလာကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဖန်ဆင်းခြင်းအကြောင်းသည် ခရစ်ယာန်တို့အတွက် ကမ္ဘာကြီး၏အစအဦးနှင့်ပတ်သက်သော သမိုင်းဖြစ်ရပ်မဟုတ်သကဲ့သို့၊ မည်သို့ဖန်ဆင်းသည်ဆိုသည့် သိပ္ပံနည်းကျလေ့လာတင်ပြမှုလည်း မဟုတ်ပါ။ ယင်းသည် ဘုရားအပေါ် ယုံကြည်ခြင်းဖေါ်ပြချက် (faith expression) ဖြစ်ပါသည်။