ဆူဖီ (SUFI)

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အစ္စလာမ်သာသနာ၏ အထက်တန်းတရား အိလ်မေတစောင်ဝဖ်ကို ကျင့်ကြံကြသည့် သူတော်စင်တို့အား ဆူဖီများဟုခေါ်ပါသည်။ ဆူဖီတို့၏ကျင့်စဉ်မှာ အစ္စလာမ်၏အနှစ်အသား၊ ပရမတ်တရားဖြစ်ပါသည်။ မဟာတမန်တော်မြတ်ကြီးနှင့်တကွ အိမ်တော်သူအိမ်တော်သား၊ ဆွေတော်မျိုးတော်များ၊ မဟာသာဝကကြီးများ ခေတ်အဆက်ဆက်မှ ထွန်းတောက်ခဲ့သည့် သူတော်စင်၊ ပညာရှင်တို့ ယနေ့ထက်တိုင် ကျင့်သုံးလျက်ရှိသော တရားဖြစ်၏။ နှလုံးသားကို သန့်အောင်ပြု၍ အသင်္ခတရှင် ကိုဉာဏ်ပွားကာ အဇ္ဈတ္တသန္တာန်တွင်း၌ အငြိမ်း ဓာတ်ကိန်းဝပ်ရန် ကျင့်ကြံအားထုတ်ရသည့် တရားဖြစ်ပြီး ကုန်အာန်ကျမ်းမြတ်နှင့် မဟာတမန်တော်မြတ်ကြီး၏ သြဝါဒတော်တို့တွင် လုံးဝ အခြေခံပါသည်။ မေတ္တာဘာဝနာစီးဖြန်း၍ ဖန်ဆင်းခံသဗ္ဗေသတ္တဝေနေယျတို့အား အလုပ်အကျွေးပြုကာ မိမိ၏အတ္တကို ပရနှင့်မျှအောင် အားထုတ်ရသည့်အနတ္တဉာဏ်စခန်းဖြစ်ပါသည်။ မလာသေးသည့် အနာဂတ်ကုန်ဆုံးသွားသည့်အတိတ်တို့အတွက် ကြောင့်ကြ၊ တောင့်တခြင်းကင်းအောင် နှလုံးသားအား ပြုစု၍ ပစ္စုပ္ပန်ကို တည့်တည့်ရှုရသော ဓမ္မဖြစ်ပါသည်။ စိတ်ကို တည်ငြိမ်အောင် သမထကျင့်စဉ် များဖြင့် သမာဓိကို ထူထောင်ရသဖြင့် စိတ်တန်ခိုးတို့ နိုးကြားလာနိုင်၏။ သတ္တဝါ ကယ်တင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် အလ္လာလ်အရှင်မြတ်က လောကုတ္တရာဈာန်၊ အဘိညာဉ် တန်ခိုးသိဒ္ဓိအမျိုးမျိုးလည်း ဆူဖီတို့အား ချီးမြှင့်ခံရ၏။ အဆိုပါ သဘာဝလွန်စွမ်းအားတို့ဖြင့် ဝလီဆူဖီ သူတော်စင်တို့သည် လောကအလှဆင်သည့်လုပ်ငန်းတို့ ဆောင်ရွက်ကြ၏။ သို့သော် ဆူဖီဓမ္မမှာ ကံလမ်း၊ ဈာန်လမ်းမဟုတ်ဘဲ ဉာဏ်လမ်းဖြစ်ကြောင်း သိထားအပ်၏။

ဆူဖီသူတော်စင်တို့၏ မေတ္တာဆုတောင်းနှင့် အလ္လာလ်ချီးမြှင့်ထားသည့် တန်ခိုးသိဒ္ဓိ (MIRACLES) တို့ကြောင့် လောကီ၊ လောကုတ်အောင်မြင်မှု ရသွားသူတို့သည် အလ္လာလ်နှင့် တုပနှိုင်းယှဉ်၍ သူတော်စင်တို့ကို အားထားကြသည်။ သူတော်စင်တို့ကို မြှုပ်နှံထားသော ဂူဗိမာန်များကို သွား၍ အလ္လာလ်ကဲ့သို့ ၄င်းတို့ထံ ဆုတောင်းကြသည်ဟူသော စွပ်စွဲချက်များလည်း ရှိပါသည်။ တရားအစစ်အမှန်ကို သဘောပေါက်၍ အသိဉာဏ်နှင့် ယှဉ်ကြည့်ပါက ဆူဖီဓမ္မနှင့်ပတ်သက်၍ အထင်လွဲစရာမရှိပါ။

ဆူဖီတို့သည် သစ္စာအမှန်၊ မေတ္တာ၊ အလှတရားတို့ကို ပရမတ္ထသစ္စာ၏ မျက်နှာစာ ရှုထောင့်များအဖြစ် ခံယူပါသည်။ ထို့ကြောင့် ဓမ္မကဗျာ၊ ဓမ္မတေးနှင့် စာပန်းချီစသည့် အနုပညာအလှလက်ရာတို့ဖြင့် သစ္စာတရားကို ဖော်ကျူးကြပါသည်။