ဆုတောင်းခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ဆုတောင်းခြင်းသည် စုပေါင်းပြုလုပ်သောဝတ်ပြုကိုးကွယ်ခြင်းအတွင်းပါဝင်သည့် အစိတ်အပိုင်းတစ်ခုအဖြစ်သာမက၊ ခရစ်ယာန်တစ်ဉီးချင်းအနေနှင့် အဘဘုရားသခင်ကို အာရုံပြုခြင်း၊ အစဉ်မပြတ်ဆက်သွယ်ဖလှယ်ခြင်းဖြစ်စဉ်ကို ရည်ညွှန်းပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

အများအားဖြင့် ဆုတောင်းခြင်းသည် ကောင်းကင်ဘုံ၌သာရှိသည့် လိုတရတန်ခိုးရှင်ကြီးတစ်ပါးထံ မိမိ၏လိုအပ်ချက်များအားတင်ပြ တောင်းခံခြင်းအဖြစ် နားလည်ကြသည်။ စင်စစ်အားဖြင့် ဘုရားရှင်သည် မိမိ၏ သားသမီးတို့၏ လိုအပ်ချက်များအား မတောင်းမီကပင် သိရှိတော်မူပြီးဖြစ်သည်။ ထို့ကြောင့် ဆုတောင်းခြင်းသည် ဘုရားသခင်အလိုတော်ရှိသည့် ဖခင်နှင့်သားသမီးတို့၏ရင်းနှီးပွင့်လင်းသော၊ တစ်ဦးအပေါ်တစ်ဦးယုံကြည်စိတ်ချလျက် သစ္စာရှိသောဆက်ဆံရေး၊ ဆက်သွယ်ဖလှယ်ခြင်းဆိုင်ရာ ဒိုင်ယာလော့ပုံစံတစ်မျိုးဖြစ်သည်။ ဝတ်ပြုကိုးကွယ်ခြင်းအတွင်း ပါဝင်သောဆုတောင်းပဌနာပြုခြင်းတွင် သက်ဆိုင်ရာအသင်းတော်တို့၏ထုံးနည်းအရ၊ အဓိကအားဖြင့် ဘုရားသခင်အားမိမိတို့အားလုံး၏ အဘအဖြစ်ဝန်ခံခြင်း၊ ဘုရားသခင်၏နာမတော်ကိုရိုသေခြင်းခြင်း၊ ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ခြင်း၊ ဘုရားသခင်၏အလိုတော်ကိုဝန်ခံခြင်းစသည်တိုဖြင့် အစပြုပါသည်။ ထို့နောက် မိမိတို့နေ့စဉ်ဘဝရှင်သန်ရေးအခြေခံလိုအပ်ချက်များအား၊ မိမိအလိုလောဘစိတ်ဖြင့်မဟုတ်ဘဲ တင်ပြတောင်ခံခြင်း၊ မိမိတို့အခြားသူ တို့အပေါ်အပြစ်လွှတ်သကဲ့သို့ မိမိတို့၏အပြစ်များအတွက် အပြစ်လွှတ်ခွင့်တောင်းခံခြင်း၊ စုံစမ်းသွေးဆောင်ဖြားယောင်းခြင်းများနောက်သို့ လိုက်ပါမိခြင်းမရှိစေရန် လိုအပ်သောအမှားအမှန်ပိုင်းခြားသိမြင်နိုင်သည့် ဉာဏ်ပညာကိုတောင်းခံခြင်း၊ မိမိတို့အားပျက်စီးခြင်းထဲသို့ ဆွဲချသွားနိုင်သည့် အဆိုးထဲမှကယ်တင်ပေးပါရန် တောင်းပန်ခြင်းစသည်တို့ ပါဝင်ပါသည်။ ထိုအစိတ်အပိုင်းများသည် ယေရှုခရစ်တော်သွန်သင်ပေးခဲ့သည့် ပဌနာတော်၏အနှစ်သာရများဖြစ်ပါသည်။ ယင်းသည် မိမိတို့ တစ်ဦးချင်း ဆုတောင်းရာတွင်လည်းအဓိကကျပါသည်။ အထက်ကဖေါ်ပြခဲ့သည့်အတိုင်း၊ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူသည်နှင့်အညီ၊ မိမိ၏စိတ်နှလုံးအထဲ၌ပင်ရှိသောဘုရားသခင်ကို တည်ငြိမ်စွာအာရုံပြုလျက်၊ သူနှင့် ပုဂ္ဂိုလ်ချင်းဆက်သွယ်မှုပြုခြင်း သဘောဖြစ်သည်။ ထိုသို့စိတ်အာရုံပြုခြင်း၊ အမြဲမပြတ်ဆက်သွယ်မှုရှိသူတစ်ဦး၏ ဘဝအသက်ရှင်မှုသည် မည်သည့်နည်းနှင့်မျှ မိမိ၏ကိုယ်ပိုင်အတ္တအစွဲများ၊ လောဘ၊ ဒေါသ၊ မောဟတို့ ဦးဆောင်လျက်အသက်ရှင်မည် မဟုတ်တော့ဘဲ၊ ဘုရားသခင်၏အလိုတော်ဖြင့်သာ အသက်ရှင်သူဖြစ်လာ ပါသည်။ ထို့ကြောင့် ဆုတောင်းခြင်းသည် သူတော်ယောင်ဖါရိရှဲများကဲ့သို့ လူအများရှေ့ မိမိ၏ဘုရားတရားကိုင်းရှိုင်းမှုကို ပြသခြင်းမဟုတ်ဘဲ၊ စိတ်ရင်းဖြင့် ဘုရားသခင်ရှေ့တွင် မိမိကိုယ်ကိုပြန်လည်သိမြင်လာစေရန် ဘုရားသခင်ဘာပြောသည်ကိုလည်း အလေးအနက်ထား နားထောင်သည့် အပြန်အလှန်ဖလှယ်ခြင်းဖြစ်စဉ် (Dialogical relational process) တစ်ရပ်ဖြစ်ပါသည်။