ကောင်းကင်နိုင်ငံ/ဘုရားသခင်၏ နိုင်ငံတော်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ကောင်းကင်နိုင်ငံ/ဘုရားသခင်၏ နိုင်ငံတော်[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ခရစ်ယာန်တို့သည် ကောင်းကင်နိုင်ငံ ဟူသောအသုံးအနှုံးကိုသုံးကြရာ ၌၊ ယေရှုခရစ်တော်ကိုယုံကြည်သောကြောင့် သေလွန်ပြီးနောက်ဝင်ရောက် ခံစား အသက်ရှင်ရမည့် နေရာ၊ ဘုရားသခင်ရှိသော၊ အုပ်စိုးသောနေရာအဖြစ်နားလည်ကြသည်။ ဘုရားသခင်၏နိုင်ငံတော်ဆိုရာ၌ လည်း ကောင်းကင်နိုင်ငံကဲ့သို့ပင် နားလည်လျက် အဓိပ္ပါယ်တူ ထည်လဲ ဖြင့်အသုံးပြုကြသည်။ ဘုရားသခင်အား တစ်လောကလုံးအပေါ် ဘုရင်သဖွယ်အုပ်စိုးသူအဖြစ် ကျမ်းသဘောအရခံယူကြသောကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာထဲ၌ ဂျူးတို့အတွက် ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်သောကြောင့် ဘုရားသခင်ဟူသော စကားလုံးအား ညစ်ညူး၍မသန့်ရှင်းသော လူသားတို့၏နှုတ်ဖြင့်ခေါ်ရန်ပင်မထိုက်ဟုခံယူကြပါသည်။ ထို့ကြောင့် အထူးသဖြင့် ဂျူးတို့အတွက်ဦးတည်ရေးသားသော ရှင်မဿဲခရစ်ဝင် ကျမ်းထဲတွင် ဘုရားသခင်၏နိုင်ငံတော်ဟူသောအသုံးအနှုံးကိုရှောင်၍ ကောင်းကင်နိုင်ငံဟူသောစကားလုံးကိုသာအသုံးပြုပါသည်။ ထိုသို့သုံးနှုံးရန်သင့်တော်သောအကြောင်းမှာ၊ ဘုရားသခင်သည် ကောင်းကင်ဘုံ ၌ရှိတော်မူသည်ဟု ယုံကြည်ကြသောကြောင့်လည်းဖြစ်သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

သမရိုးကျနားလည်သုံးနှုံးကြရာ၌ နေရာဒေသတစ်ခုအဖြစ်နားလည်မှု ရှိနေသည်မှာ မှန်သော်လည်း စင်စစ်အားဖြင့် ကောင်းကင်နိုင်ငံဖြစ်စေ၊ ဘုရားသခင်၏နိုင်ငံတော်ဖြစ်စေ၊ ပုံဆောင်မှုများသာဖြစ်သည်။ ယင်းသည် ဘုရားသခင်အုပ်စိုးခြင်းအခြေအနေကိုရည်ညွှန်းပါသည်။ ဆိုလို သည်မှာ၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ မေတ္တာတရား၊ ထွန်းကားလျက် အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းပြီး ဘုရားသခင်၏ ရှေ့တော်မြတ်၌ထာဝရအစဉ်အမြဲအသက်ရှင်ရသောအခြေအနေဖြစ် သည်ဟု ကျမ်းသဘောအရနားလည်ယုံကြည်ကြပါသည်။ ယင်းသည် ကယ် တင်ခြင်း၊ ထာဝရအသက်စသည့် အသုံးအနှုံးတို့နှင့်သဘောချင်း တူပါသည်။

ဘုရားသခင်သည် နေရာတိုင်း၌ရှိသည်ဟုယုံကြည်သောကြောင့် ဘုရားသခင်၏အုပ်စိုးခြင်းသည် နေရာဒေသတစ်ခုတည်း၌သာသီးခြားရှိနေခြင်းသဘောမဟုတ်ပဲ၊ စကြာဝဠာလောကတစ်ရပ်လုံးလွှမ်းခြုံသည်ဟု နားလည်ခြင်းဖြစ်သည်။ ယေရှုကိုယ်တိုင်ကလည်း ကောင်းကင်နိုင်ငံ/ဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏စိတ်နှလုံးအတွင်း၌တည်၏ ဟုမိန့်ကြားခဲ့သည်ဖြစ်ရာ၊ မိမိ၏စိတ်နှလုံးအတွင်း၌ပင်ဘုရားတရား၌ မွေ့လျော်လျက်အသက်ရှင်သူအတွက် မည်သည်အခြေအနေ၌ပင်ရှိနေ စေကာမူ၊ စိတ်နှလုံးငြိမ်သက်အေးချမ်းနေမည်ဖြစ်သည်။