ကု(ရ်)ဘာနီ - QURBANT (SACRIFICE)

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးကို ဆောက်တည်နိုင်ရန် မိမိ၏ အလိုရမက်၊ တဏှာ တို့ကို ခဝါချ ရပေမည်။ အလိုကုန်ရန်အတွက် မိမိဆန္ဒတို့အား သစ္စာဓမ္မအတွက် စွန့်လွှတ်လှူဒါန်းရပါသည်။ ဤတရားသဘောကို သမိုင်းကြောင်းနှင့် ချီ၍ နှစ်ပေါင်းလေးထောင်ကျော်ခန့်က ကိုးကွယ်ခြင်းခံ ထိုက်တော်မူသည့် အသင်္ခတဂုဏ်တော်ရှင်သည် မဟာလူသားပုဂ္ဂိုလ်ထူး အီဘရဟင်(မ)တို့ မိသားစု၏ ဖြစ်ရပ်မှန်နှင့် မော်ကွန်းတင်ခဲ့၏။ အမှန်တရားရရှိရန်အချိန်အခါတိုင်း သားပစ်၊ မယားပစ်၊ တရားကျင့်ရမည်ဟု အစ္စလာမ်သာသနာက မသွန်သင်ထားပါ။ မိမိတစ်ဦးတည်း လွတ်ရာ လွတ်ကြောင်းကျင့်ကြံခြင်းမှာ အတ္တကို ကြီးထွားအောင် မွေးမြူခြင်းဖြစ်၍ မိသားစုတာဝန်အပါအဝင် လူသားအကျိုးပြုလုပ်ငန်းကို တရားဘာဝနာစီးဖြန်းခြင်းအဖြစ် အစ္စလာမ် ဓမ္မက ပြဆိုပါသည်။ မိမိတွယ်တာမြတ်နိုးရာကို အမှန်တရားအတွက် မစွန့်နိုင်ပါက လွတ်မြောက်အောင်မြင်မူ ရနိုင်မည် မဟုတ်ပါ။ လောကီသံယောဇဉ်တို့တွင် အခိုင်မာအမြင့်မားဆုံးသော ရင်မှဖြစ်သည့် သားကို စွန့်ရခြင်းမှာ အကယ် စင်စစ်လောကီမေတ္တာနှင့် လောကုတ္တရာမေတ္တာတို့၏ အားပြိုင်ပွဲဖြစ်ပါသည်။ လိုအပ်သည့်အချိန်တွင် လောကီ နှင့် လောကုတ်ထိပ်တိုက်တွေ့လာချိန်တွင် မည်သည်ကို ဦးစားပေးရမည်ကို ပိုင်းခြားနိုင်သည့် ဉာဏ်စင်ပွင့်ထွန်းရန် ကုရ်ဘာနီဟုဆိုသော စွန့်ခြင်းပါရမီကို ဖြည့်ဆည်းထားရ၏။ သို့ရာတွင် ကာယကံရှင်၏ သဘောတူမှုမပါဘဲ တစ်ဖက်သတ် သားစွန့်ခန်းမှာ တရားမျှတမှု မရှိနိုင်ပါ။ ထို့ကြောင့် အာဇာနည်အစွန့်ခံ သားမြတ်သည်လည်းကောင်း၊ ဝမ်းနှင့်လွယ်ရန် မွေးထားခဲ့သော သူတော်စင် မိခင်မွန်တို့၏ သဘောတူကြည်ဖြူမှုပါမှ စွန့်ခြင်း ပါရမီမြောက်ပေအံ့။

သား၏ကိုယ်စား သိုးဖြင့် အစားထိုးခံရသဖြင့် နှောင်းမျိုးဆက်တို့သည် မိမိတို့လှူဒါန်း မည့်သားကောင်ကို သားရင်းပမာသဘောထားနိုင်အောင် စိတ်ကို ပြင်ဆင်ရပါမည်။ ယင်းသို့ သားကောင်ကို လှူဒါန်းရာတွင် နာကျင်မှု အနည်းဆုံးနှင့် အမြန်ဆုံး သေဆုံးစေရန် လည်ချောင်း သွေးကြောကို လှီးဖြတ်ရပါသည်။ ထိုကဲ့သို့ လှီးဖြတ်ချိန်တွင် မိမိခန္ဓာအတွင်းမှ “အိပ်ခြင်း၊ စားခြင်း၊ မေထုန်မှီဝဲခြင်း” ကိုသာ သိသည့်တိရစ္ဆာန်စိတ် (ANIMAL INSTINCT) ကိုလည်း လှီးဖြတ် နိုင်ရပါမည်။ သားကောင်၏အသားကို မရှိဆင်းရဲသားတို့အား လှူဒါန်းရပါမည်။ ဤသို့ဆိုခြင်းဖြင့် တိရစ္ဆာန်တို့အား အကြင်နာမဲ့ရာ ကျသည်ဟုမဆိုအပ်ပေ။ ကုန်အာန်ကျမ်းတွင် အပြစ်မဲ့ အသက်တစ်ချောင်းကို အကြောင်းမဲ့သတ်ခြင်းမှာ ရှိသမျှအသက်တို့အား သတ်ခြင်းမည်၏။ အသက် တစ်ချောင်းကို ကယ်တင်ခြင်းမှာ ရှိသမျှ အသက်ကို ကယ်တင်ရာရောက်ပါသည်။ သေးငယ်သော ငှက်ငယ် တစ်ကောင်အကြောင်းမဲ့ သတ်ခံရပါက တရားစီရင်မည့်နောက်ဆုံးနေ့တွင် ဖန်ဆင်းရှင်ထံ တိုင်ကြားမည်ဟု တရားတော်က ဆိုထားပါသည်။ မကောင်းမှုနှင့် အသက်မွေးဝမ်းကြောင်းပြုသော အမျိုးသမီးတစ်ဦး ခွေးတစ်ကောင်ကို ရေတိုက်ခဲ့၍ အပြစ်မှ လွတ်မြောက်ခဲ့ပါသည်။ တိရိစ္ဆာန်ဘုံနိမ့် သတ္တဝါတို့အား သနားညှာတာရန် တရားတော်၌ အမြောက်အများပါဝင်ရာ တိရိစ္ဆာန်အခွင့်အရေး (ANIMAL RIGHTS) ကျမ်းတစ်စောင်ပင် ပြုနိုင်ပါသည်။

အကြောင်းတရားခိုင်လုံပါက သတ်ခြင်းအမူကို ပြုလုပ်ပါသော်လည်း စေတနာပြဒါန်းမှု မှန်သောကြောင့် အကုသိုလ်ကံမမြှောက်ပေ။ တမန်တော်မြတ်ကြီး၏ သြဝါဒတော်တွင် လုပ်ရပ်တစ်ခု ကံမြောက်စေရန် စိတ်ဓာတ် (စေတနာပြဋ္ဌာန်းမှု)အပေါ် တည်ကြောင်းမိန့်ဆိုထားပါသည်။ ဥပမာ-လူသားတို့စားသုံးသည့် ဆန်တစ်စေ့ ပန်းကန်ပေါ်ရောက်လာရန် သတ္တဝါတို့အသက်မြောက်များစွာ စတေးခံရပါသည်။ လူကို သေစေနိုင်သော ရောဂါပိုးတို့ကို သယ်ဆောင်သည့်သတ္တဝါတို့အား ရောဂါပြန့်ပွားရန် အန္တရာယ် (EPIDEMIC) ကပ်ဆိုက် လာပြီဆိုလျှင် သုတ်သင်ရပါသည်။ တိုင်းပြည် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများသည် ကျူးကျော်လာသည့်ရန်သူတို့အား ခုခံရင်း လူတို့ကို ပစ်ခတ်သတ်ဖြတ်ရပါသည်။

အရေးကြီးဆုံးအချက်မှာ ကုရ်ဘာနီကို (SACRIFICE) ဟုဆိုရာတွင် အမှန်တရားအတွက် မိမိတွယ်တာ မြတ်နိုးရာနှင့် ကိုယ်ကျိုးအတ္တကို စွန့်ရခြင်းကိုသာ ဆိုလိုပြီး၊ အမျက်ကြောင်းကြောင်း ထွက်နေသည့် နတ်ဘုရားဆိုးကြီးကို ပူဇော်ပသရခြင်းဆိုသည့် အနက်အဓိပ္ပာယ် လုံးဝမထွက်ပါချေ။ အစ္စလာမ်တရားတော်တွင် အခြောက်တရား၊ အမြှောက်တရားတို့ လုံးဝမရှိပါ။ မပြတ်မစဲ သနားညှာတာတော်မူသော ကရုဏာရှင်၊ အနန္တမေတ္တာရှင် ဖြစ်တော်မူသော အလ္လာလ်သည် အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းသည့် အသင်္ခတဂုဏ်တော်ရှင်ဖြစ်ပါသည်။ အနန္တစကြာဝဠာနှင့် ရုပ်ကလပ်၊ နာမ်ဓာတ်မှန်သမျှ၏ ဖန်ဆင်းရှင်ဖြစ်ပါသည်။ မည်သည့်အကြောင်းခံမျှမရှိဘဲ အရာရာကသာ ထိုအရှင်ထံတောင်းခံရပါသည်။ ထို့ကြောင့် ထိုအရှင်သည် သတ္တဝါဝေနေယျအပေါင်းအား ကျွေးမွေးတော်မူပြီး၊ အလ္လာလ်အား ပူဇော်ပသ၊ ဆွမ်းကပ်ရန် လုံးဝမလိုအပ်ပါ။